Tuesday, October 16, 2012

မြန်မာ့ရှားပါးကြယ်လိပ်



နွားထိုးကြီးမြို့နယ်အတွင်းက မြန်မာ့ရှားပါးကြယ်လိပ် ထိန်းသိမ်းမွေးမြူရေး

မြန်မာ့ရှားပါးကြယ်လိပ်တို့နေထိုင်ရာ မင်းစုံတောင်ဘေးမဲ့တော
 


မြန်မာနိုင်ငံတွင် ကွင်းဆင်းသုတေသနပြု ဆောင်ရွက်ချက်များအရ မြန်မာ့လိပ်မျိုး(၃၂)မျိုး တွေ့ရှိမှတ်တမ်း တင်နိုင်ပြီးဖြစ်သည်။ အဆိုပါလိပ်မျိုးများအနက်မှ (၅)မျိုး မှာပင်လယ်လိပ်၊ (၂၇)မျိုးမှာ ရေချို လိပ်များနှင့် ကုန်းလိပ်များဖြစ်သည်။ လိပ်သည် တွားသွားသတ္တဝါတစ်မျိုး ဖြစ်သည်။

မြန်မာကြယ်လိပ်အကြောင်း

မြန်မာ့ကြယ်လိပ်ကို သိပ္ပံအမည် (Geochelone Platynota) မျိုးရင်း (Testudinidae) အများသုံး အမည် (Myanmar Star Tortoise) ဒေသသုံးအမည် ကြယ်လိပ်၊ ပင့်ကူလိပ်၊ ပြိုလ်လိပ်၊ မြလိပ်၊ တောင်ပုလိပ်၊ မန်းကျည်းလိပ် အဖြစ် လူသိများသည်။
မြန်မာ့ကြယ်လိပ်ကို မြန်မာနိုင်ငံတွင်သာ တွေ့ရှိရပြီး အခြားနိုင်ငံ များတွင်မတွေ့ရပါ။ မြန်မာ့ဒေသရင်း မျိုးစိတ်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ခြောက်သွေ့ပူပြင်းသော အလယ်ပိုင်းဒေသများတွင် တွေ့ရပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် အတွေ့များ သည်။  နွားထိုးကြီးမြို့နယ်၊ မင်းစုံတောင်ဘေးမဲ့တောတွင် ခြံခတ် မွေးမြူထိန်းသိမ်း စောင့်ရှောက် လျက်ရှိသည်။ ၄င်းကြယ်လိပ်သည် ကမ္ဘာပေါ်တွင် မျိုးတုံးပျောက်ကွယ်လုနီးသော မျိုးစိတ်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လိပ်မျိုးစိတ်များအနက် နံပါတ်သုံးအဆင့် မျိုးတုံးလုနီးသော မျိုးစိတ်လည်းဖြစ်သည်။ ယင်းမျိုးတုံး ပျောက်ကွယ်လုနီးသော မြန်မာ့ကြယ်လိပ်ကို နွားထိုးကြီးမြို့နယ် မင်းစုံတောင်တောဝင်း တိရစ္ဆာန် ဘေးမဲ့တောတွင် သဘာဝအလျောက် တွေ့ရှိနိုင်ခြင်း၊ ဧက ၅၅၈၄ ကျယ်ဝန်းသော မင်းစုံတောင်တောဝိုင်း တိရစ္ဆာန်ဘေးမဲ့တော တည်ရှိနေခြင်းတို့ကြောင့် နွားထိုးကြီးမြို့နယ်၏ ဂုဏ်ကျက်သရေဆောင်တစ်ခုဖြစ်သည်။ ကမ္ဘာပေါ်တွင် လိပ်သီးသန့် ထိန်းသိမ်းရေးနယ်မြေအဖြစ် မင်းစုံတောင်တောဝိုင်း တိရစ္ဆာန်ဘေးမဲ့တောသည် အကျယ်ဝန်းဆုံး ဧရိယာဖြစ်ပါသည်။
မြန်မာကြယ်လိပ်သည် စက်တင်ဘာလ၊ အောက်တိုဘာလများတွင် ဥဥပြီး ဇွန်လ၊ ဇူလိုင်လများတွင် သားပေါက်လေ့ရှိသည်။ တစ်နှစ်လျှင် နှစ်ကြိမ်ဥလေ့ရှိပြီး တစ်ကြိမ်လျှင် ဥသုံးလုံးမှကိုးလုံးအထိဥသည်။ သားပေါက်သည့် ရာသီတွင်ပင် မိတ်လိုက်လေ့ရှိသည်။ မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်သည့်အလျောက် မင်းစုံ တောင်တောဝင်း တိရစ္ဆာန်ဘေးမဲ့တော၊ ရှောက်တောရိုးစခန်းတွင် ခြံခတ်မွေးမြူထားခြင်းအားဖြင့် အများပြည်သူများလာရောက်ကြည့်ရှုလေ့လာနိုင်ခြင်း၊သိပ္ပံပညာရပ်ဆိုင်ရာ  လေ့လာသုတေသန  ပြုလုပ်နိုင်ခြင်း၊ ခြံခတ်မွေးမြူထား၍ ၄င်းတို့၏ အလေ့အထသဘာဝကို သိရှိသည့်အပြင် မည်ကဲ့သို့ ထိန်းသိမ်းနိုင်ကြောင်း သိရှိခြင်း၊ မျိုးတုံးရန်အန္တရာယ်မှကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးတို့ကို ရရှိနိုင်သည့်အပြင် သဘာဝ အခြေခံခရီးသွားလုပ်ငန်းအတွက်လည်း အကျိုးရှိစေသည်။
မြန်မာ့ကြယ်လိပ်သည် မျိုးတုံးရန်အလွန်နီးစပ်နေသော မျိုးစိတ်ဖြစ်သည့်အလျောက် လုံးဝကာကွယ် ထားသောတိရစ္ဆာန်ဖြစ်သည့်အပြင်ကမ္ဘာပေါ်တွင်လိပ်သီးသန့်ထိန်းသိမ်းရေးနယ်မြေအဖြစ် နွားထိုးကြီးမြို့နယ်၊ မင်းစုံတောင်တောဝိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် အကျယ်ဝန်းဆုံးဧရိယာအဖြစ် ထိန်းသိမ်း ဆောင်ရွက် လျက်ရှိသည်။
(away from natogyi)group of facebook မှကူးယူတင်ပြပါသည်။

No comments:

Post a Comment