Saturday, February 23, 2013

မေမေ သီချင်းငတ်တယ်



မေမေ သီချင်းငတ်တယ်

သီချင်းငတ်တယ် မေမေ
အလင်းလည်း ငတ်ပါရဲ့
အခု ရောက်နေတဲ့
ဒီနေရာလေးမှာ
ချစ်တဲ့သားရဲ့ ဇာတိလို
ထန်းပင်တွေ မရှိဘူး
မကျည်းပင်တွေ မရှိဘူး
လယ်ယာတွေ မရှိဘူး
အို…..ဘာဆို ဘာမှ မရှိဘူး။ ။

မေမေ့ စိတ်ပြတင်းများ
အဆုံးအထိ ဖွင့်ထားပေးပါ
သားရဲ နှလုံးသားကို
မေမေ အမြဲ နားလည်ခဲ့တယ် မဟုတ်လား။

ဆာလောင်နေရှာတဲ့
မေမေ့သားရဲ့ နှလုံးသားငယ်လေး
တစ်ခုခု ချကျွေးဖို့ တောင်းဆိုပါတယ်။
စာကျက်လို့ မရဘူး မေမေ
အပြင်မှာ မိုးတွေ သည်းနေလေရဲ့
အဲသလို မိုးရွာရင်
မေမေ့ကို မလွမ်းဘဲ
သူမကိုသာ ပြင်းပြင်းပြပြ လွမ်းမိတယ်။
တောင်းပန်ပါတယ် မေမေ။

မေမေရေ…….
အချစ်ကို တွေ့ရှိသွားတဲ့
မိုက်မဲရူးနှမ်း သူငယ်လေးဟာ
အဝေးကို ရောက်နေတဲ့
ဟောဒီက သားလေးပေါ့။

ရင်ထဲမှာ ငိုနေတယ်
ဒါပေမယ့် မေမေရယ်
သူမကတော့ သိလျက်နဲ့
မသိချင်ယောင် ဆောင်နေရှာတယ်။

သူလည်း………
သားကို ချစ်မှာပဲ မေမေ….
အဲဒါကို သားက သိနေတော့ ခက်တယ်။
သီချင်းငတ်တဲ့ မေမေ့သားလေး
ပြုံးနေတဲ့ တီးလုံးလေးမှာ
အသာအယာ ကျဆုံးသွားခဲ့ပြီပေါ့။
(အမြဲ နားလည်ပေးတဲ့ မေမေ့ထံ တိုင်တည်ရင်ဖွင့်ခဲ့တဲ့ ကဗျာလေးပါ။ )
Cham Myaye (SPSU Mandalay)

No comments:

Post a Comment